န​ည်း​ပ​ညာမွ်ေ​ဝျ​ခင္း

မနေ့က ၁၅-၇-၂၀၁၁ မှာ http://tech4mm.com ဆိုတဲ့ မြန်မာယူနီကုဒ် သုံးထားတဲ့ ဆိုဒ် အသစ်လေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ ဒီဆိုဒ်လေးကို အဓိက ရေးရတဲ့ အကြောင်းအရင်း က အင်ဂျင်နီယာ တက္ကသိုလ် အသီးသီးနဲ့ ကွန်ပျူတာ တက္ကသိုလ်များမှာ သင်ကြားနေတဲ့ ညီငယ်၊ ညီမငယ်များက မသိတာလေးတွေ အပြင်မှာ ဆုံကြလို့ မေးလာကြတဲ့ အခါ ပြောပြမိတဲ့ အကြောင်းလေးတွေကို မှတ်စုသဘော ထုတ်ထား ချင်တာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကွန်ပျူတာ သင်တန်းလေးတွေကို အလွတ်သဘော ဖွင့်ဖြစ်လာပါတယ်။ ပညာဒါန သဘောမျိုး ဆီမီနာလေးတွေလည်း လုပ်ပေးဖြစ်တဲ့ အခါ သင်တန်းနဲ့ ဆီမီနာတွေ မတက်ဖြစ်တဲ့ ညီငယ်၊ ညီမငယ်၊ ကျောင်းသားလူငယ်များကို ဒီဆိုဒ်ကနေ လေ့လာလို့ရအောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်က မေမြို့ကဆိုတော့ ရတနာပုံ ဆိုက်ဘာစီးတီး မှ အင်ဂျင်နီယာနဲ့ ကွန်ပျူတာ ကျောင်းသား၊ကျောင်းသူများ အတွက် အဓိက ရည်ရွယ် ရေးသားသွားမှာ ဖြစ်ပါတယ်။

ပညာဒါန သင်တန်းများ၊ ဆီမီနာများနဲ့ ပရိုဂရမ်းမင်း သင်တန်းများ၊ စာရင်းကိုင် (MYOB)သင်တန်းများ ကို မေမြို့ MCC (ဈေးလေးအဝိုင်း အနီး၊ မြို့ပတ်လမ်းနဲ့ စီလမ်းဒေါင့်) မှာ သင်ကြားပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ လာမယ့် ၂၃-၇-၂၀၁၁ စနေနေ့ နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ ပြုလုပ်မယ့် ကျွန်တော့်ရဲ့ ပရိုဂရမ်းမင်း အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲလေးကို မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ကြောင်း ဖိတ်ကြားပါရစေ။ သင်တန်းများအကြောင်း အသေးစိတ်သိလိုသူများအနေနှင့် အောက်ပါ လိပ်စာများမှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် ခင်ဗျာ။

ဒေါက်တာ အောင်ဝင်းထွဋ်

၀၉ ၄၉၂ ၄၄၂ ၄၆

aungwin.htut@gmail.com

 

မဥမ္မာ (MCC)

ဈေးလေးအဝိုင်း အနီး၊ မြို့ပတ်လမ်းနဲ့ စီလမ်းဒေါင့်

၀၈၅၂၃၃၄၂ ၀၉၄၇၁၃၀၆၁၂

Posted in Uncategorized | Leave a comment

Programming Note for Beginner – 3 (VB.NET 2008)

၃။ ဖိုင် များ ကော်ပီ ကူးလိုလျှင် (VB.NET and C#.NET coding)

My.Computer.FileSystem.CopyFile(“C:\Source.txt”, “C:\NewFolder\Dest.txt”) (VB.NET code)

System.IO.File .Copy(@”C:\Source.txt”, @”C:\NewFolder\Dest.txt”, true  ); (C#.NET code)

C# တွင် နောက်မှ true သည် အမည်ခြင်း တူပါက override လုပ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကျွန်တော် လေ့လာမိတာလေးတွေ ကို ကျွန်တော့်လို စတင်လေ့လာကာစ လူငယ်တွေ အတွက် တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ ကုဒ်လေးတွေ ရှိရင် ပြန်လည်မျှဝေပေးကြပါခင်ဗျာ။


Programming Note for Beginner – 2 (VB.NET 2008)

၂။ TextBox Enter ခေါက်လျင် နောက် TextBox တစ်ခုသို့ ဆင်းရန်

Private Sub TextBox1_KeyDown(ByVal sender As Object, ByVal e As System.Windows.Forms.KeyEventArgs) Handles TextBox1.KeyDown

If e.KeyCode = Keys.Enter Then

TextBox2.Focus()

End If

TextBox2.Text = e.KeyValue.ToString()

End Sub

ကျွန်တော် လေ့လာမိတာလေးတွေ ကို ကျွန်တော့်လို စတင်လေ့လာကာစ လူငယ်တွေ အတွက် တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ ကုဒ်လေးတွေ ရှိရင် ပြန်လည်မျှဝေပေးကြပါခင်ဗျာ။


Programming Note for Beginner – 1 (VB.NET 2008)

၁။ Focus မှတ်စု

၁။ ဒီဇိုင်းလုပ်တဲ့အချိန်မှာ Focus လုပ်ချင်ရင် TabIndex ကို 1 ထားပေးရမယ်။

၂။ form load စစချင်းမှာ Focus() method ကို သုံးလို့ မရဘူး။

၃။ form Load မှာ Focus လိုချင်ရင် object.TabIndex=1 သုံးရေးပေးရမယ်။

၎။ focus လုပ်လို့ ရမရ စစ်ဆေးဖို့ object.CanFocus = True, False

If TextBox1.CanFocus Then

MessageBox.Show(“can foucus”)

TextBox1.Focus()

Else

MessageBox.Show(“can’t foucs”)

TextBox1.TabIndex = 1

End If

ကျွန်တော် လေ့လာမိတာလေးတွေ ကို ကျွန်တော့်လို စတင်လေ့လာကာစ လူငယ်တွေ အတွက် တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ ကုဒ်လေးတွေ ရှိရင် ပြန်လည်မျှဝေပေးကြပါခင်ဗျာ။


Russian-English-Myanmar Electrical Engineering Dictionary Beta (sketch) version 1.0 Release today

ဒီ​နေ့​တော့ ကျွန်တော်​တို့ ရဲ့ ရု​ရှ-အင်္ဂလိပ်-မြန်မာ အဘိဓာန်​လေး အကြမ်း​ဖျ​ဉ်း စီစဉ်​ပြီး​ပါ​ပြီ။ အမှား​တွေ​ကို ဝိုင်းဝန်း​ရှာဖွေ ထောက်​ပြ​ပေး​ကြ​လိမ့်​မယ် လို့​လည်း မျှော်လင့်​မိ​ပါ​တယ်။ စာလုံး​တွေ ထပ်​ထည့်​ဖို့​လည်း စီစဉ်​ထား​ပါ​တယ်။ ဒီ​လို ပြီးစီး​အောင်​လို့ အဖက်​ဖက် က ကူညီ​ပေး​ကြ​တဲ့ သူ​တွေ​ကို ကျေးဇူး အ​ထူး​တင်​ရှိ​ကြော​င်း ဒီ​နေရာ​က မှတ်တမ်း​တင်​ထား​ပါ​ရ​စေ။ ကျွန်တော်​တို့ ပ​ရော​ဂျ​က်​လေး စ​ဖြစ်​အောင် ငွေ​အား၊ အကြံ​ဥာ​ဏ်​အား​နဲ့ ကူညီ​ခဲ့​တဲ့ ကို​ငွေ​ထွန်း​ကို ကျေးဇူးတင်​ရ​ပါ​တယ်။ သူ အားပေး​လို့​သာ ဒီ​လောက်​အထိ ဖြစ်လာ​တာ ဖြစ်​ပါ​တယ်။ နောက်ထပ် စာ​ရိုက်​ပေး​တဲ့ ညီမ​လေး မိုး​သက်​ဝေ၊ ညီ​လေး ကျော်​သီ​ဟ​နဲ့ ၊ ဘာသာ​ပြန်​ပေး​တဲ့ ညီ​လေး ကျော်​ဇော​လင်း တို့​ကြောင့်​လည်း ဒီ​အဘိဓာန်​လေး ဖြစ်လာ​တာ ဖြစ်​ပါ​တယ်။ ကျွန်တော်​က ဒီ​အဘိဓာန်​လေး​ကို စီစဉ်​ရုံ​ပဲ စီစဉ်​ပေး​နိုင်​ခဲ့​တာ​ပါ။ ဘာသာ​လည်း အနည်းအကျဉ်း​ပဲ ပြန်​ပေး​ခဲ့​တာ​ပါ။ နောက်ထပ် စာလုံး​တွေ ထပ်​ထည့်​ဖို့​ကို​တော့ ကျွန်တော်​ကိုယ်တိုင် တာဝန်​ယူ​ပြီး လုပ်​မယ်​လို့ ဆုံးဖြတ်​ထား​ပါ​တယ်။ တကယ်​တော့ အခု​မှ အစ​ပဲ ရှိ​ပါ​သေး​တယ် ခင်ဗျား။
ပ​ရော​ဂျ​က်​ကို ဂူ​ဂ​ယ်​ရဲ့

က​နေ ဝင်​ရောက် လေ့​လာ​နိုင်​ပါ​တယ် ခင်ဗျာ။ အားလုံး​ပဲ ရွှင်လန်း​ချမ်းမြေ့​ကြ​ပါ​စေ။
ဘ​လူး​ဖီး​နစ်
(ဒေါက်​တာ အောင်​ဝင်း​ထွ​ဋ်)

Posted in Uncategorized | Leave a comment

လွှမ်းမောပါသည် ဇာတိမြေဆီ…

ကျွန်တော့်ကို မော်လမြိုင်မြို့နားက ရွာလေးတစ်ရွာမှာ မွေးပါတယ်။ ကျွန်တော့်မွေးရပ်ဇာတိ ဖြစ်တဲ့ အဲဒီရွာနာမည်က ငန်းတေးရွာတဲ့ဗျ။ ဟိုးအရင်ကတော့ ငန်းပြေးလို့ ခေါ်တယ်လို့ မှတ်သားဖူးပါရဲ့။ ကျွန်တော် ငန်းတေးရာဇ၀င်ကို ခြေရာကောက်ဖို့ ကြိုးစားသော်လည်း မအောင်မြင်နိုင်သေး။ ငန်းတေးဆိုတဲ့ နာမည်ဟာ ဗမာသံထက် မွန်သံဆန်နေတာကြောင့် အရင်က မွန်ရွာလား။ ဘယ်အချိန်ကတည်း က ဒီရွာရှိနေခဲ့တာလဲ။ ၁၈၂၇ နောက်ပိုင်း စစ်ကဲ မောင်ထော်လေးတို့၊ မောင်ငန်တို့ မော်လမြိုင်ကို ရောက်လာပြီးမှ ပေါ်လာတဲ့ ရွာလား စိတ်ဝင်စားမိပါတယ်။ ခြေခြေမြစ်မြစ်၊ တိတိပပ ပြောနိုင်မယ့် ရှေးမီနောက်မီ အဘိုးအဘွားတွေလည်း ရွာမှာ ဆုံးပါးသွားကြလေပြီ။ ကျွန်တော့်ရွာကလေးဟာ အဲလို သမိုင်းကွင်းဆက်ပြတ်နေတဲ့ မထင်မရှား အညတြရွာကလေးပါ။ အတ္ထရံမြစ်ပေါ်မေးတင်ထားတဲ့ တောမက မြို့မကျ ရွာတစ်ရွာပါပဲ။ ရွာမှာ အဓိကရထင်ရှားတာဆိုလို့ မော်လမြိုင်မြို့ကို လျှပ်စစ်မီး ပေးဝေဖြန့်ဖြူးရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိနေတာပါပဲ။ သြော်…ပြီးတော့ မော်လမြိုင် တောင်ရိုးတန်းကနေ လှမ်းကြည့်ရင် မြင်နိုင်တဲ့ အတော်ကို မြင့်တဲ့ ကညင်ပင်ကြီးကလည်း ကျွန်တော်တို့ ရွာတည်နေရာကို အလွယ်တကူ ရှာနိုင်တဲ့ သင်္ကေတအမှတ်အသားဖြစ်လို့ ထူးခြားတယ်လို့ ဆိုရမှာပါ။ ခပ်ငယ်ငယ်ကလေးဘ၀က နာဂ၀ီသတောင်တန်းတလျှောက်က ကျိုက်သလ္လံ အပါအ၀င် တောင်ရိုးတန်းဘုရားဖူးသွားတိုင်း ကျွန်တော်တို့ ရွာကလေးကို ဦးခန္ဓီဘုရားတန်ဆောင်းကနေ လှမ်းရှာရတာ အမောပါပဲ။ ဟိုးအဝေးက မီးခိုးခေါင်းတိုင်က မီးခိုးတလူလူထွက်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကလေးရယ်၊ ထီးထီးမားမားကြီး ထိုးထွက်နေတဲ့ ကညင်ပင် အမြင့်ကြီးရယ်ကို တွေ့လိုက်ရရင် ပဲ အဲဒီမှာ ငါတို့ရွာရှိတယ် ဆိုတဲ့ အသိက ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တယ်။ အဲဒီ ကညင်ပင်ကြီးနားမှာ ကျွန်တော်တို့ အိမ်ရှိတယ်။ အဲဒီကညင်ပင်ကို ရှာတွေ့တာနဲ့ အဲဒီနားမှာ ငါတို့အိမ်ရှိတယ် ဆိုတဲ့ အသိက ကျွန်တော့် ကို ပိုပြီး စိတ်လှုပ်ရှားပျော်ရွှင်စေခဲ့တယ်။

ကျွန်တော့်ရွာကလေးဟာ နာဂ၀ီသတောင်ရဲ့ အရှေ့ဘက်အခြမ်းမှာ ရှိပြီး၊ မော်လမြိုင်မြို့ ကတော့ တောင်တန်းရဲ့ အနောက်ဘက်အခြမ်းမှာ ရှိပါတယ်။ နာဂ၀ီသတောင်တန်းက မော်လမြိုင်မြို့ကို အရှေ့၊ အနောက် ပိုင်းခြားထားတဲ့ တောင်မြောက်သွယ်တန်းနေတဲ့ တောင်တန်းရှည်ကြီးပါ။ အဲဒီတောင်တန်းပေါ်ကနေ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် အုန်းပင်ထိုးထိုးထောင်ထောင်စိမ်းစိမ်းစိုစိုတွေကြားက ကိုလိုနီဟန်နှောတဲ့ အမိုးချွန်ချွန် တိုက်တာအဆောက်အအုံတွေရယ်၊ ဟိုးအဝေး က ကွေ့ဝိုက်ပြီးစီးနေတဲ့ သံလွင်မြစ်ရဲ့ အလှရယ်၊ မြစ်ထဲက လှေသမ္ဗာန်တွေရယ်၊ သံလွင်မြစ်ကူးတံတားကြီးနဲ့ ခေါင်းဆေးကျွန်း ကို တွေ့ရလိမ့်မယ်။ အဲဒီ တောင်တန်းပေါ်ကနေ အရှေ့ဘက်ကို ကြည့်လိုက်ရင် လယ်ကွက်စိမ်းစိမ်းတွေရယ်၊ နွေဘက်ဆိုရင်  မီးခိုးတလူလူထွက်နေတဲ့ အုတ်ဖုတ်တဲ့ အုတ်ကျင်းတွေရယ်  ဟိုတကွက်ဒီတကွက် လူနေရပ်ကွက် တွေရယ်၊ ကျွန်တော်တို့ ရွာက ကညင်ပင်ကြီးရယ်၊ မီးစက်ရယ်၊ အတ္ထရံမြစ်ကူးတံတားကို တွေ့ရမှာဖြစ်ပါတယ်။ တောင်ရိုးတန်း ရှုခင်းသာက လှမ်းမျှော်ကြည့်ရင် မြင်ရတဲ့ မော်လမြိုင်အလှဟာ ဆီဆေးပန်းချီကားတစ်ချပ်နှယ် အရောင်အသွေးစုံလှတယ်။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်တို့အိမ် ၀ရန်တာမှာ စာထွက်ကျက်တဲ့အခါ ဟိုးအဝေး နာဂ၀ီသတောင်တန်းပေါ်က မီးတွေထိန်ထိန်လင်းနေတဲ့ ဘုရားတွေ ဆီ ငေးမောရင်း တခါတရံ ဘာကို လွမ်းမှန်းမသိ လွမ်းသလိုလို ခံစားရပါတယ်။ အဲဒီတောင်တန်းတွေဆီက လေအဝေ့မှာ လွင့်လာတတ်တဲ့ ပဌာန်းရွတ်သံ တွေ ကို ကြားရတာ ကြည်နူးစရာကောင်းလိုက်ပါဘိ။ နွေကာလ လသာညတွေမှာ ကျွန်တော်တို့ အိမ်မျက်နှာချင်းဆိုင်က ဦးပွကြီးရဲ့ မယ်ဒလင်လက်သံ နဲ့ သူရဲ့ ခန့်ညားအောင်မြင်ပြီး ကြည်လင်ကာ ခံစားချက်ပါတဲ့ ကာလပေါ်တေးသီသံတွေကို လည်း အခုထိ ကြားယောင်နေမိဆဲ။ ကောင်းကင် က လမင်းကြီးရဲ့ အေးမြတဲ့ လရောင်နဲ့၊ စိန်ပွင့် တွေလို တလက်လက်လင်းနေတဲ့ ကြယ်တွေစုံတဲ့ ကတ္တီပါနက်ရောင် နောက်ခံကောင်းကင်ကြီးအောက်မှာ သရက်ပင် နဲ့ အုန်းလက်တွေကို တရှပ်ရှပ်တိုးလာတဲ့ ညှင်းအေးအေး လေညင်းကလေးရယ်၊ ဦးပွကြီးရဲ့ မယ်ဒလင်လက်သံသာသာရယ် ဟာ အင်မတန် လိုက်ဖက်ပြီး လွမ်းမောဖွယ်ကောင်းလှတယ်။ ကလေးမို့ စာသားတွေကို လုံးစေ့ပါဌ်စေ့ နားမလည်သော်လည်း အဆွဲအင် အရှိုက်အဖို အဝေ့အ၀ိုက် နဲ့ ပညာသားပါတဲ့ အဆိုကြောင့် သာယာတဲ့ ဂီတထဲမှာ စီးမျောသွားမိမြဲ။

ကျွန်တော်တို့ရွာကလေးဟာ အတ္ထရံမြစ်နဲ့ သူ့ရဲ့ မြစ်လက်တက်ကလေးပေါ်မှာ တည်ရှိပါတယ်။ "ချောင်းပတ်ခွေကာ၊ မောင်တို့ရွာ ရောက်လာရွှင်မြူး၊ ပျော်ပုံထူး မြူးတယ်လေး၊ ထူးတယ်လေး…." ဆိုသလို ကျွန်တော်တို့ အိမ်နားကနေ အတ္ထရံမြစ်ရဲ့ မြစ်လက်တက်ကလေး ဝေ့ကာဝိုက်ကာ ဖြတ်သန်းစီးဆင်းသွားပုံဟာ ကဗျာဆန်လှတယ်။ ကလေးဘ၀က နွေရာသီ ရေရှားချိန် အိမ်မှာ အလှစိုက်ထားတဲ့ ပန်းပင်တွေ ရေလောင်းဖို့ မြစ်ထဲက ရေငင်ရင်း၊ ရေးကူးဆော့ကစားခဲ့တဲ့ အခိုက်အတံ့တွေကလည်း ကျွန်တော့်ဘ၀ရဲ့ မေ့မရနိုင်တဲ့ ပျော်စရာအချိန်ကလေးတွေပေါ့။ အတ္ထရံမြစ်ဟာ ကျွန်တော်တို့ ရွာရဲ့ အသက်သွေးကြောပါ။ အတ္ထရံ မြစ်လက်တက်ပေါ်က လယ်ကွင်းတွေ၊ ရွာအနောက်ပိုင်းက လက်ကွင်းတွေနဲ့ စိုက်ခင်းတွေကို ရေသွင်းတာလဲ ဒီမြစ်ပဲ။ ရွာရဲ့လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ခိုင်းနွားတွေကို ရေချိုးသန့်စင်တာ၊ ရေတိုက်တာလည်း ဒီမြစ်ပါပဲ။ ရွာအရှေ့ပိုင်းက တံငါလုပ်သားတွေနဲ့ ရွာသားတွေ အတွက်ရေချိုငါးလတ်လတ်ဆတ်ဆတ် တွေ၊ ပုဇွန်ထုတ်ကြီးတွေကို ပေးတာလဲ ဒီမြစ်ပဲ။ ရွာရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်အတွက် လိုအပ်တဲ့ ကုန်ကြမ်းသစ်ဝါးဖောင်တွေ မျှောဖို့ အသုံးချတာလဲ ဒီမြစ်ပဲ။ အတ္ထရံ မြစ်ဟာ ကျွန်တော်တို့ ရွာသူရွာသား မျိုးဆက်ပေါင်းများစွာကို ၀၀လင်လင်  ကျွေးမွေးနိုင်တဲ့ အသက်သခင်ကျေးဇူးရှင် မြစ်ပါ။ ကျွန်တော်ဟာ အတ္ထရံမြစ်ထဲက ရေနဲ့ စိုက်လို့ ရတဲ့ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေရယ်၊ အတ္ထရံမြစ်က ကျွေးတဲ့ ငါးပုဇွန်ကို စားသုံးပြီး ကြီးပြင်းလာခဲ့ ရတဲ့ အတွက် အတ္ထရံမြစ်ကို ကျေးဇူးတင်တယ်။ အတ္ထရံမြစ်ထဲက ဆူဖြိုးတဲ့ ငါးသလောက်ပေါင်း နဲ့ ကျွန်တော် က အမေလို့ ခေါ်တဲ့ ကျွန်တော့်အဘွားကြိုက်တတ်တဲ့ လတ်လတ်ဆတ်ဆတ် ရေချိုပုဇွန်တုတ်ကင် မွှေးမွေးကို သံပုရာရည် နဲ့ တို့စားရတဲ့ အာရသာဟာ နတ်ပေးတဲ့ သြသဓဆေးလိုပါပဲ။ ဥတွေနဲ့ ငါးပုဏ္ဏားချိုချိုနဲ့ ငါးပြက်တွေ ဟာ အတ္ထရံက ကျွန်တော်တို့ ရွာကို ပေးတဲ့ အစားအစာတွေပေါ့။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ငယ်ငယ်က ငါးပုဇွန်တွေကို ဒီလောက်မကြိုက်တတ်ခဲ့ဘူး။ ပေါပေါများများရနေတာလဲပါတာပေါ့လေ။ ပေါတော့ တန်ဖိုးမထားတတ်တာ လူ့သဘာဝများလား မသိဘူး။ ခုလို ရေချိုငါး ပုဇွန်တွေကို ရှားပါးပြီး အဆမတန် ဈေးကြီးပေးဝယ်ရတဲ့ အရပ်ဒေသကို ရောက်လာတဲ့အခါမတော့ အတ္တရံမြစ်ရဲ့တန်ဖိုးကို ပိုတိုးလို့ နားလည်လာခဲ့ရတယ်။ အဲဒါကြောင့် မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဧရာဝတီကို ချစ်သလို၊ မွန်ပြည်နယ်သား တစ်ယောက်အနေနဲ့ သံလွင်ကိုချစ်သလို၊ ငန်းတေးရွာသားတစ်ယောက်အနေနဲ့ အတ္ထရံကို ချစ်တယ်။

 

ဖိလစ်ပိုင်လူမျိုး ကဗျာစာဆို Dr. Jose  Rizal က Momories of My Town ကျွန်တော့်ဇာတိရပ်မြေ အောက်မေ့ဖွယ်များ ဆိုတဲ့ အမည်နဲ့ ဇာတိမြေတမ်းချင်းတစ်ပုဒ်ရေးခဲ့ဖူးတယ်။ အဲဒီကဗျာထဲမှာသူက…သူ့ဇာတိမြေကို လွမ်းဆွတ်ပုံကို ဒီလို ဖွဲ့ထားပါတယ်။

"လေပြင်းမုန်တိုင်းမှ နှင်းပန်းပွင့်ဖြူများ၊ မွှေးပျံ့သောရနံ့၊ ရိုးသားချစ်ဖွယ်သောမြို့လေးကို သတိရနေ။

အဲဒီမှာ ကျွန်တော်ပျော်ရွှင်စွာ အိပ်နေ၊ ထိုင်နေတဲ့ ပုခက်လေးပေါ်မှာ ဘာမဆိုလိုတရခဲ့တာလေ….။ "

Dr. Jose Rizal ခံစားလွမ်းဆွတ်သလိုပဲ ကျွန်တော် လိုတာ ဘာမဆိုရနိုင်တဲ့ ကျွန်တော့်ဇာတိမြေကိုလည်း လွမ်းလိုက်ပါဘိ။ ကျွန်တော့်ဇာတိမြေကို ချစ်ခင်စွဲလန်းရသော အကြောင်းအရင်းကတော့ ကျွန်တော့်ရဲ့ ကလေးဘ၀ ဖြတ်သန်းကုန်ဆုံးခဲ့ရာ  အိမ်…ချိုသောအိမ် (Home Sweet Home) ရှိရာအရပ်ဖြစ်တာကြောင့်ပါ။ သရက်ပင်တွေ၊ အုန်းပင်တွေ ၀ိုင်းရံထားတဲ့ အိမ်ဝိုင်းကြီး မှာ ဆွေမျိုးမောင်နှမတွေ တသိုက်တ၀န်းကြီးနဲ့ နွေးထွေးကြင်နာမှုတွေ၊ နားလည်ဖေးမမှုတွေ၊ လုံခြုံမှုတွေ ၀န်းရံလျက် ကလေးဘ၀ကို ပျော်ရွှင်စွာ၊ အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့ အိမ်မှာ တစ်ခုခု ချက်စားကြပြီဆိုရင်ဖြင့် အလှူပေးသလို အိုးကြီး နဲ့ မီးဆက်အောင် ချက်ရပါတယ်။ ၀ိုင်းထဲနေတဲ့ အမျိုးတစ်အုပ်တစ်မကြီးရယ်၊ ရွာထဲက ဆွေမျိုးတွေရယ်၊ အိမ်က သံကြိတ်စက်အလုပ်သမားတွေအတွက်ရယ် ချက်ရတာ တကယ့်ကို အလှူကြီးအတိုင်းပဲ။ တစ်နေကုန်တစ်နေခန်း တစ်စွတ်စွတ် စားကြတော့တာကလား။ အလုပ်သမားတွေကလဲ မိသားစုဝင်တွေလိုပဲ ဆာတဲ့အခါ ကြုံရင်ကြုံသလို ၀င်စားသွားကြတာပဲ။ မော်လမြိုင်မုန့်တီဆို ခွက်တစ်ဆယ်၊ အစိတ် ချက်ရတာ။ ထမင်းလွတ် အ၀စားပဲ။ အဖွားတွေ၊ အဒေါ်တွေကလည်း ဒိုင်ခံချက် တာ တနေကုန် နေ့မီးညမီးဆက်သွားတဲ့ အထိ။ ငါးရံ့တွေကလည်း ပေါသဟာမို့ ငါးပြုတ်မုန့်ဟင်းခါးရည်ဆို ငါးပြုတ်ဖတ် နိုင်းချင်း၊ ကြွက်သွန်ဥ နိုင်းချင်းနဲ့ ချိုစိမ့်ပြီးမွှေးကြိုင်နေတာ။ နေ့လယ်နေ့ခင်း သွားရည်စာ စားချိန်ဆိုလည်း၊ သဘောင်္သီးသုပ်၊ ဇီးသီးခြောက်သုပ်၊ မရမ်းပြားသုပ် ချဉ်ချဉ်ငံငံစပ်စပ် မွန်သုပ်ကို ရေနွေးပူပူ တဖူးဖူးမှုတ်သောက်လိုက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့် တရှူးရှူးကိုက်လိုက်၊ နှက်သုတ်လိုက် နှင့် စားရတာ မြိန်စရာကြီးပါပဲ။ အသုပ်အစပ်အဟပ်တည့်ပြီဟေ့ဆို ဇွန်းမချကြေး၊ ခေါင်းမဖော်ကြေး လုစားကြ တာကလည်း ပျော်စရာ။ အဲသလို လက်ရည်တစ်ပြင်တည်း လုစားရတာကို က အသုပ်ရဲ့ အာရသာမဟုတ်လား။ အသုပ်ကို အီပြီဆိုရင်ဖြင့် အုန်းနို့နိုင်းချင်းနှင့် သာကူပြုတ်၊ မုန့်ပိန္နဲစေ့၊ မုန့်လက်ဆောင်း၊ မုန့်ဦးနှောက်၊ ငှက်ပျောပေါင်း၊ ရွှေရင်အေးစသဖြင့် အမျိုးမျိုးမရိုးအောင် လုပ်စားကြတယ်။ ဒါကြောင့် အခြားနယ်တွေက မော်လမြိုင်သား အစားလို့ ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ အဲသလို စုပေါင်းဝိုင်းဖွဲ့စားသောက်ကြတာ မိသားစုတွင်း၊ ဆွေမျိုးတွင်း၊ ရွာတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစေတယ်ဆိုတာ သံသယ နည်းနည်းမှ မဖြစ်မိပါဘူး။ ကျွန်တော်တို့ ရွာရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ဟာ ၀ိုင်းလုပ်ဝိုင်းစား သမ၀ါယမစိတ်ဓာတ်ပဲ။ ဥပမာ၊ သင်္ဘောသီးသုပ်စားမယ် လို့ တစ်ယောက်ယောက်က အဖော်စပ်တာနဲ့ သင်္ဘောသီးခူးသူခူး၊ ခွာသူခွာ၊ ခြစ်သူခြစ်၊ ငါးပိဖုတ်သူဖုတ်၊ ကြက်သွန် ဖြူနီခွာသူခွာ တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ကိုင်လိုက်ကြတာ၊ ဟောဗျာ… တစ်ခဏအတွင်း သင်္ဘောသီးသုပ် ဖြစ်ကရော။ ပြီးရင် အဆာပလာတွေကို ကြွေရည်သုတ်သံဇလုံကြီးထဲ ရောနယ်တဲ့ပြီး၊ ၀ိုင်းဝန်း စားသောက်ကြတော့တာ ရွာရဲ့ စည်းလုံးမှု၊ ညီညွတ်မှု ပြယုဂ်တစ်ခုပါပဲ။ ကျွန်တော် ဒီဓလေ့ကို သိပ်ချစ်ပါတယ်။

ကျွန်တော့်ငယ်ဘ၀ဟာ ပြန်ပြောင်းအောက်မေ့စရာ အတိတ်တွေ၊ စိတ်ခံစားမှုတွေ၊ အတွေးတွေ၊ ဆန္ဒတွေနဲ့ ပြည့်နေခဲ့တယ်။ တခါတခါ ကလေးဘ၀ကို ပြန်ပြောင်းအောက်မေ့တဲ့အခါ၊ ဆိုဗီယက် ကဗျာဆရာ Yevtushenko ရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိလို့ ဆိုနိုင်တဲ့  Zima Junction ကဗျာရှည်ကြီးမယ် သူ့ရဲ့ ငယ်ဘ၀ဖြတ်သန်းကုန်ဆုံးခဲ့ရာ ဘိုင်ကားရေကန်နားက မြို့ငယ်ကလေးသို့ တမ်းတပုံကို ရေးခဲ့ဖူးတာ သွားသိတရမိသေးတယ်။ အဲဒီကဗျာမှာ သူဖွဲ့ပုံက…

My life has often been by backward glances,

few personal emotions, thoughts or wishes,

and in my life, its even turns and courses,

some generous impulse but nothing finished.

Yet always here these means for a new design,

new strength, touching the same ground,

where you first moved bare-footed, kicking up dust.

I rely often on this ordinary thought:

near Lake Baikal my own town waiting for me.

Yevtushenko ကဗျာရဲ့ဒီအပိုဒ်ကို ဖတ်မိတိုင်း ကျွန်တော်ကလေးဘ၀က တချို့ အဖြစ်အပျက်တွေ၊ နေရာတွေ၊ ပုံရိပ်တွေဟာ တခါတရံ ရုပ်ရှင် အနှေးပြကွက်တွေလိုပဲ တရိပ်ရိပ် အစီအရီ ပြန်ပေါ်လာကြလေရဲ့။ ကျွန်တော့်အတွက် အမှတ်တမဲ့လိုလိုပေမဲ့ ရွာကထွက် လာပြီးနောက် ဦးနှောက်ထဲမှာ မှတ်မှတ်ရရ ဖြစ်နေတာက အိမ်ခြေရင်းက မချစ်စု သရက်ပင်ကြီးပဲ။ အဲဒီသရက်ပင်ကြီးဟာ ကျွန်တော့် အဖွားရဲ့ ဖခင်ဖြစ်သူ၊ ကျွန်တော့် အဘိုးက စိုက်ခဲ့တာဖြစ်ပြီး၊ အင်မတန် မျိုးကောင်းတဲ့ အပင်ကြီးဖြစ်ပါတယ်။ ကျွန်တော့်ထက်တောင် အဲဒီအပင် က အသက်ကြီးသေးတယ်။ ကျွန်တော် သိတတ်တဲ့ အရွယ်မှာတောင် အဲဒီသရက်ပင်ဟာ လုံးပတ်ထွားထွားဖြောင့်ဖြောင့်၊ အခက်အလက်တွေ ဝေဆာစိမ်းစိုနေတာပဲ။ အရိပ်အာဝါသ ကောင်းကောင်းပေးနိုင်လောက်အောင် ကြီးပါတယ်။ သီးတဲ့ အသီးတွေလည်း ကြီးထွားပြီး အနံ့အာရသာ အင်မတန် ပြည့်စုံကောင်းမွန်လှတယ်။ သီးတဲ့အခါမှာလည်း ပြွတ်ခဲနေအောင်သီးတတ်တယ်။ ကျွန်တော်က မချစ်စု သရက်ကို မမှည့်သေးခင် ၀မ်းရောင်သီးကို ဆေးသကြား၊ ငရုတ်သီးမှုန့်၊ ဆားတို့နဲ့ စားရတာကို အလွန်ကြိုက်ပါတယ်။ နေ့လည်နေ့ခင်း သွားရည်စာစားကြချိန်မှာ မိသားစုတွေ စုပြီး စကားပြောရင်း သရက်သီး ချိုချဉ်စပ် စားရတဲ့ အရသာ ကို ခုထိမမေ့နိုင်သေးပါဘူး။ သရက်သီးအစိမ်းတွေကို ခူးပြီး သရက်သီးခြောက်လုပ်တန်တာလုပ်ပြီး ကျန်တာတွေကို အမှည့် အုပ်ထားတတ်ပါတယ်။ မှည့်တဲ့ အချိန်မှာလည်း အိမ်မှာစားလို့ ပိုတဲ့ အပြင်၊ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေကို လက်ဆောင် ဝေငှပေးနိုင်လောက် အောင်ကို အဲဒီသရက်ပင်ကြီးက အသီးတွေ လှိုင်လှိုင် သီးတတ်ပါတယ်။ အိမ်ခေါင်းရင်းမှာ ရင်ကွဲပင်တစ်ပင် နဲ့ ခြံအနောက်ဘက်မှာ မနွယ်နွယ် သရက်ပင် တစ်ပင်ရှိပေမဲ့ သူတို့ ကတော့ ကျွန်တော့အတွက် သိပ်အမှတ်တရ မရှိလှဘူး။ ကျွန်တော့် အဘိုးစိုက်ခဲ့တဲ့ သရက်ပင်ကြီးဟာ သားစဉ်မြေးဆက် ယခုတိုင် ကျွေးမွေးထားနိုင်လို့ ကျွန်တော့်အဘိုးရဲ့ စေတနာ နဲ့ အမြော်အမြင်ကြီးမှုကို လေးစားရပါတယ်။ ငယ်ငယ်က ခြံထဲမှာ အဘိုးအိမ်နားက မလကာချဉ်သီးပင်က အသီးတွေခူးပြီး ဆား၊ ဆေးသကြား၊ ငရုတ်သီးမှုန့်နဲ့ တို့စားခဲ့တာကို လည်းသတိရမိသေးတယ်။ အိမ်ခြံဝိုင်းဟာ ပဲပုဇွန်ပင်တွေ၊ ဒန့်သလွန်ပင်၊ ဆူးပုပ်ပင်၊ ကင်ပွန်းပင်၊ ဂွေးသီးပင်၊ မန်ကျည်းပင်၊ မရမ်းပင်၊ ကွမ်းပင်၊ ငရုတ်ကောင်းပင်တွေနဲ့ စိမ်းစိုနေတတ်ပြီး ချက်စားလိုတဲ့ အခါ လတ်လတ်ဆတ်ဆတ် စားနိုင်တာမို့ စရိတ်လည်း သက်သာ ကျန်းမာရေးနဲ့လည်း ညီးညွတ်ပါတယ်။ ကျွန်တော့် အဘိုးဟာ အသက် ၇၀ကျော် အထိ သူနိုင်သလောက် အပင်တွေ စိုက်တုန်းပါပဲ။ အိုးကြီးအိုမနဲ့ မြေဆွေးတွေသယ် အပင်တွေစိုက် တာ သူ့အတွက်မဟုတ်တာတော့ သေချာတယ်။ သားမြေးတွေအတွက် ထားတဲ့ အဘိုးရဲ့ စေတနာကို တော့ ဘယ်အရာမှ တုနှိုင်းမယှဉ်သာပါဘူး။ ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးတဲ့ အရှေ့အလယ်ပိုင်း စကားပုံတစ်ခု ကို သွားသတိရမိတယ်။ "လူတစ်ယောက် အသိဥာဏ်ပညာကြွယ်ဝမှုဟာ သူဘယ်တော့မှ အဲဒီအရိပ်အောက်မှာ မနေရမှန်းသိလျက်နဲ့ သစ်ပင်တစ်ပင်ကို စိုက်တဲ့အခါမှာ စပါတယ်" တဲ့။ ကျွန်တော်တို့ အဘိုးဟာ သူ့မျိုးဆက်အတွက် သစ်ပင်တစ်ပင်မက စိုက်ခဲ့ပြီးပြီ။ အဲဒီအပင်ရဲ့ အသီးအပွင့်တွေကို လည်း သားစဉ်မြေးဆက် ခံစားနိုင်ခဲ့ပြီ။ ပြီးတော့ ကျွန်တော်တို့ မော်လမြိုင်အိမ်ဟာ အပင်တွေနဲ့ ၀န်းရံထားတာမို့ နွေရာသီမှာ မပူပဲ ရာသီဥတု အင်မတန် မျှတပြီး နေရတာ သက်သောင့်သက်သာရှိလှပါတယ်။ ကျွန်တော့် အဘိုးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိကို တော့ ကျွန်တော် မချီးကျူးဘဲ၊ မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

 

ကျွန်တော့်ဇာတိမြေဟာ ကျွန်တော်တို့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် အခြေခံပညာတွေ ဖြန့်ဖြူးဝေငှရာ ဌာနကြီးလည်း ဖြစ်ပါတယ်။ ရွာမှာ အလယ်တန်းကျောင်းတစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်းရှိပါတယ်။ ရွာရဲ့ အလယ်တန်းကျောင်းကလေးဟာ သေးပင်သေးငယ်ပေမဲ့ အဲဒီကျောင်းကလေးကနေပဲ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စစ်ဗိုလ်တွေ၊ စက်မှုလက်မှုပညာရှင်တွေ၊ အသိပညာရှင်အတတ်ပညာရှင်တွေ၊ အသင်အပြကောင်းတဲ့ ဆရာဆရာမ ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ ပြီးဖြစ်ပါတယ်။ ရေနံချေးတွေဝနေတဲ့ မူလတန်းကျောင်းဆောင်ကလေးဟာ ကျွန်တော်တို့ မျိုးရိုးစဉ်ဆက် ပညာရင်နို့ သောက်စို့ခဲ့ရာ နေရာမို့ ကျွန်တော် အလွန်ပဲ သံယောဇဉ်တွယ် စွဲလန်းရပါတယ်။ ကျောင်းရဲ့ ကွန်ကရစ် လှေခါးထစ်တွေမှာ မူလတန်းကျောင်းသား ဘ၀က ကျောက်တံသွေးခဲ့တာ ကိုလည်း ပြန်တွေးတိုင်း လွမ်းတုန်း။ ကြည်နူးမျက်ရည်ဝဲရတုန်းပါပဲ။ အစဉ်အဆက် ကျောက်တံသွေးခဲ့လို့ ကျောက်တံရာအမြှောင်းတွေနဲ့ ပြည့်နေတဲ့ ကျောင်းဆောင်ရဲ့ လှေခါးထစ်တွေ က သူ့ရဲ့ ရင့်ကျက်မှု လို့ ကျွန်တော် ခံစားမိတယ်။ အောက်စဖို့ တက္ကသိုလ်ကျောင်းသားတွေက သူ့တို့ရဲ့ ဟောင်းမြင်းတဲ့ ရှေးအဆောက်အအုံတွေအတွက် ဂုဏ်ယူသလို၊ ကျွန်တော်ကလည်း ကျွန်တော့်ကို ပညာအခြေခံပေးခဲ့တဲ့ အဲဒီကျောင်းဆောင်ကလေးက ကျောက်တံသွေးရာတွေပြည့်နေတဲ့ လှေခါးထစ်တွေ အတွက် ဂုဏ်ယူတယ်။ ကျောက်တံသွေးတယ်ဆိုတာ စာများများရေးလို့ တုံးသွားတဲ့အခါမှာ သွေးရတာမဟုတ်လား။ ဒီတော့ အဲဒီကျောက်တံသွေးရာတွေ ဟာ ဒီကျောင်းကလေးကနေ မျိုးဆက်ဘယ်နှစ်ခုကို ပညာတွေ ဘယ်လောက် ပေးလိုက်သလဲ ဆိုတဲ့ ခြေရာကလေးတွေပါပဲ။ အဲဒီကျောင်းကလေးကနေပဲ ကျွန်တော်တို့ကို အင်္ဂလိပ်အက္ခရာတွေကို အသံထွက် မှန်မှန်ဖတ်တတ်အောင်၊ မြန်မာစာစာလုံးပေါင်း သတ်ပုံမှန်ကန်အောင်၊ လက်ရေးလက်သားသေသပ်လှပအောင်၊ အပေါင်းအနှုတ် အမြှောက်အစား နိုင်နင်းကျွမ်းကျင်အောင် အခြေခံအုတ်မြစ်ကောင်းကောင်း ချပေးခဲ့လို့ ရှေ့ဆက် ပြီး အဆင့်မြင့်ပညာတွေ ဆက်လက်သင် ယူနိုင်ခဲ့တာ မို့ ကျွန်တော့် ရဲ့ ရွာကျောင်းကလေးကို ချစ်မြတ်နိုးကျေးဇူးတင်လှတယ်။ သံယောဇဉ်တွယ် ရပါတယ်။

 

နောက် ကျွန်တော်တို့ ရွာနဲ့ပတ်သက်ပြီး ချစ်စရာကောင်းတဲ့ ဓလေ့ကတော့ ဆွမ်းကြီးလောင်းပွဲတော်လို့ ခေါ်တဲ့ စာရေးတံမဲ ပွဲပါပဲ။ ကျွန်တော် ကလေးဘ၀တုန်းကတော့ ဆွမ်းကြီးလောင်းပွဲတော်ရောက်ပြီ ဆိုရင် အင်မတန်ပျော်ပါတယ်။ မုန့်တွေ အများကြီးစားရတဲ့ အပြင်၊ ဆွမ်းလောင်းပွဲမနက်မှာ ၀တ်ကောင်းစားလှ ၀တ်ပြီး ရွာထဲမှာ လမ်းလျှောက်၊  အသိအိမ်တွေကို မုန့်ဝေငှကြသလို၊ သူ့အိမ်က မုန့်ကိုယ့် ပို့၊ ကိုယ့်အိမ်က မုန့် သူ့ဝေမျနဲ့ မုန့်မျိုးစုံအောင် စားခွင့်ရလို့ ကလေးပီပီ ပျော်မိတယ်။ ညဘက်မှာလည်း ဇာတ်ပွဲ ၊ စတိတ်ရှိုးကြည့်ကြရမှာ မို့ အင်မတန် ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်ငယ်ငယ်က ဇာတ်ပွဲကို အလွန် ကြိုက်နှစ်သက်ပါတယ်။ ခုတော့ ရွာက ဆွမ်းကြီးလောင်းပွဲတော်နဲ့ ဝေးနေတာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပါပြီ။ ကျွန်တော်ကတော့ ကလေးဘ၀ က ဆွမ်းကြီးလောင်းပွဲတော်ကာလ ကို ခုထိလွမ်းတုန်းပါပဲ။ မေ့မရနိုင်အောင်ရှိတုန်းပါပဲ။

 

"ဇာတိချက်ကြွေ၊ ရန်အောင်မြေ နဲ့ ရေသွန်းခံရာ ဤသုံးဌာနကို မမေ့စကောင်း" လို့ ဆိုစကားရှိပါတယ်။ ဒီလို ချစ်စရာ ကောင်းတဲ့၊ ကျွန်တော့်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ကျွေးမွေးခဲ့တဲ့၊ အခြေခံပညာတွေ သင်ပေးခဲ့တဲ့ ကျွန်တော့် မွေးရပ်ဇာတိကို ကျွန်တော် ဘယ်လိုခွန်အားနဲ့ မေ့လို့ရပါ့မလဲ။ ဒီလို ကျေးဇူးတွေ ဆပ်မကုန်အောင် များပြားတဲ့ ကျွန်တော်ချစ်တဲ့ ရွာငယ်လေးအတွက် ကျွန်တော် တတ်နိုင်သမျှ ကျေးဇူးဆပ်ရပါဦးမယ်။ ကျွန်တော့်ရွာ ရဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတွေ ကို အောက်မေ့မိတိုင်း ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ဆိုတဲ့ ကဗျာလေးက ခေါင်းထဲဝင်လာတယ်။

သင်သေသွားသော်

သင်ဖွားရာမြေ၊

သင်တို့ မြေသည်

အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ….တဲ့။

Henry Wadsworth ရဲ့ Psalm of Live မှာလည်း ဆရာဇော်ဂျီရဲ့ သင်သေသွားသော်သဘောနှင်နှင် ဒီလို ဆိုထားသေးတယ်။

Lives of great men all remind us

We can make our lives sublime,

And departing, leave behind us

Footprints on the sand of time;

ပြီးတော့ ဆရာမဂျူးက သူ့ဝတ္ထု ပင်လယ်နှင့်တူသောမိန်းမများကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ တစ်ခါက ဧရာဝတီညများမှာ ဟင်္သာအဖြစ် သရုပ်ဆောင်မဲ့ လွင်မိုးကို ပြောစေတဲ့ ဒိုင်ယာလောခ့်ကို လည်း သဘောကျမိတယ်။ "မျိုးဆက်တိုင်းဟာ သူ့ရှေ့ကမျိုးဆက်ထက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိတယ်"…တဲ့။ သိပ်ကောင်းတာပဲ။ ကနေ့ကာလဟာဖြင့် What can the State do for us? လို့ မေးရမဲ့ အချိန်မဟုတ်တော့။ What can we do for the State? လို့ မေးချိန်တန်ပြီဖြစ်ကြောင်း ဖတ်လိုက်ရဖူးပါတယ်။ ဒီတော့ ကျွန်တော်တို့ကကော ကျွန်တော်တို့ရွာအတွက် ဘာတွေလုပ်ပေးနိုင်ပါသလဲ။ ကျွန်တော်တို့ ရွာသူရွာသားတွေ အားလုံးရဲ့ လူနေမှုဘ၀တွေ မြင့်မားစေဖို့အရေးဟာ ကျွန်တော် အမြဲတမ်း မက်တဲ့ အိပ်မက်ဖြစ်တယ်။ ဟုတ်ကဲ့…ဒါ ကျွန်တော့် အိမ်မက်ပါပဲ။ အိန္ဒိယ သမ္မတဟောင်း  အဗ္ဗဒူကလမ်က ကျောင်းသားတွေနဲ့ အမေးအဖြေလုပ်တဲ့အခါမှာ အိပ်မက်နဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ဖူးတာကို မှတ်သားမိဖူးပါတယ်။ ကျောင်းသားတစ်ယောက်က အိန္ဒိယရဲ့ ရန်သူ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ဘာလုပ်သင့်သလဲလို့ မေးတဲ့အခါ အဗ္ဗဒူကလမ်က "အိပ်မက်မက်ပါ" လို့ ဖြေလိုက်သတဲ့။ ဒီအခါ အဲဒီကျောင်းသားကပဲ ဘာကြောင့်လဲဆရာကြီးလို့ ပြန်မေးရော။ ဒီမှာ သမ္မတကြီး ရှင်းပြပုံဟာ သိပ်မှတ်သားဖို့ကောင်းတယ်။ သူဖြေပုံက "အိပ်မက်မက်မှ အိုင်ဒီယာရမှာ၊ အိုင်ဒီယာရှိမှ အလုပ်ဖြစ်မှာ၊ အလုပ်လုပ်မှ အောင်မြင်မှုရမှာ…၊ ဒီတော့ အောင်မြင်မှုရဲ့အစဟာ အိမ်မက်ပဲ…" ဟူသတဲ့။ အစစ်ပဲ…ဒီကနေ့ တယ်လီဖုန်း၊ လေယာဉ်ပျံ၊ အာကာသလွန်းပျံ၊ အင်တာနက် စတဲ့နည်းပညာတွေဟာ ဟိုးယခင်က မဖြစ်နိုင်ဘူးထင်ရတဲ့ အိပ်မက်တွေကပဲ ဆင်းသက်လာကြတာမဟုတ်လား။ အဓိကက အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်ခွန်အား ပဲလိုတာမဟုတ်လား။ ကျွန်တော့်မှာလည်း ရွာနဲ့ပတ်သက်တဲ့ အိပ်မက်တွေ ရှိပါရဲ့။ ကျွန်တော့်ရွာလေးကို စိမ်းလန်းပြီး လေကောင်းလေသန့်ရတဲ့၊ လူမှုစီးပွားရေးတိုးတက်တဲ့ ဥရောပက ရွာကလေးတွေလို တိုးတက်စေချင်ပါဘိတောင်း။ တစ်ရွာလုံးက လျှပ်စစ်မီး အသုံးမပြုနိုင်သေးတဲ့ အိမ်တွေကို လျှပ်စစ်မီးရစေချင်တယ်။ အိမ်ပေါက်စေ့ ကို ပိုက်တွေသွယ်တန်းပြီး သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိစေချင်တယ်။ ရွာလမ်းမတွေကို ကတ္တရာလမ်းတွေ အဖြစ်ပြောင်းလဲ ပစ်ချင်တယ်။ ကျွန်တော်စာသင်ကြားခဲ့တဲ့ အလယ်တန်းကျောင်းကလေးကို ဒီ့ထက် ပိုပြီး အဆင့်မြင့်အောင် စွမ်းဆောင်ပေးချင်တယ်။ ရွာက ကလေးတွေကို ကျွန်တော်သိထားတဲ့ ပညာရပ်တစ်ချို့ကို မျှဝေပေးချင်မိတယ်။ ရွာသားတွေအားလုံး မျက်စိပွင့်၊ နားပွင့် ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်စေ့ချင်တယ်။ ကျွန်တော့် ရွာဟာ နဂိုကတည်း က စံပြရွာတစ်ရွာဖြစ်ပြီးသားပါ။ ဆေးပေးခန်းရှိတယ်။ ခြံဝင်းလေးတွေနဲ့ ရေလောင်းအိမ်သာများနဲ့ စာသင်ကျောင်းနဲ့ မြို့နဲ့လည်း အလှမ်းမဝေးလှလို့ အတန်အသင့် ခေတ်မီတိုးတက်တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ၈၀ံ(ရှစ်ဆယ်ဒီဂရီမြေ) လို့ အပြောင်အပြက် ခေါ်တဲ့ နီကျင်ကျင် ဂ၀ံ မြေသားလမ်းတွေဟာ ခုအခါမှာ ကျောက်ချောလမ်းတွေ အဖြစ်တိုးတက် လာခဲ့ပါပြီ။ ယခင်က ရေနံဆီမီးခွက်ကို သုံးရတဲ့ အိမ်တစ်ချို့ဟာ ခုအခါမှာ လျှပ်စစ်မီးသုံးနေကြရပြီဖြစ်ပါတယ်။ ရွာရဲ့ တိုးတက်မှု တွေ မြင်ရတိုင်း ကြည်နူးပီတိ ဖြစ်မိတယ်။ ခွန်အားဖြစ်မိတယ်။ ကျွန်တော် ရွာနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာရောက်နေပေမဲ့  ရွာက ကညင်ပင် နဲ့ မီးစက်ကို အင်တာနက်ထဲက ဂူဂယ်မြေပုံပေါ်မှာ ရှာမိတုန်းပါပဲ။ လက်ဝဲသုန္နရအမတ်ကြီးလို "သည်တွင် ရွှေမြို့၊ သည်သို့ စေတီ၊ သည်ဆီ ရွှေနန်း" မျှော်ကာရမ်း လွမ်းရတုန်းပါပဲ။ ဂူဂယ်မြေပုံပေါ်မှာ ကျွန်တော့်ရွာကို ရှာတွေ့တိုင်းလဲ ဘယ်တော့မှ ကြည့်လို့ဝတယ်လို့ မရှိလှဘူး။ ဟိုကလေးဘ၀က နာဂ၀ီသတောင်တန်းပေါ်ကနေ လှမ်းမျှော်ရှာဖွေလို့ တွေ့ရတဲ့ ခံစားမှု အတိုင်း ထပ်တူခံစားရတုန်းပါပဲ။ ကြည်နူးစိတ်နဲ့၊ လွမ်းဆွတ် မျက်ရည်ဝဲရတုန်းပါပဲ။ အိမ်ပြန်ရောက်သွားသလို ခံစားရဆဲ။ စိတ်လှုပ်ရှားပျော်ရွင်ရဆဲ။ ဂုဏ်ယူရဆဲ။ နွေးတွေး လုံခြုံသွားသလို ခံစားရဆဲပါပဲ။ တခါတခါတော့လည်း ယုန်နားရွက်လို အတောင်ကလေး နှစ်ဘက်ပါတဲ့ ဝေ့ကာဝိုက်ကာ လေဟုန်စီးပြီး ကြွေကျတတ်တဲ့ ကညင်သီးကလေး ဖြစ်ချင်သားပဲ။ ကညင်သီးသာဖြစ်ခွင့်ရခဲ့ ရင် ကျွန်တော့်ဇာတိမြေရှိရာကို လွမ်းတိုင်း လေဟုန်စီးပြီး ပြန်မိမှာပဲ။ ဒါ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ ကျွန်တော့် ဇာတိမြေကို ချစ်မြတ်နိုးစိတ်လို့ အမည်တပ် မယ် ဆိုရင် ကျွန်တော့်ကို ပိုရန်ကောလို့ အပြစ်မဆိုကြပါနဲ့ဗျာ….။ ဘာကြောင့်လဲဆိုတော့ ဇာတိသွေး၊ ဇာတိမာန်ဆို တာ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့စိတ်မှာ မြစ်ဖျားခံလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ကဗျာဆရာကြီး Sir  Walter Scott က

Breathes there the man with soul so dead,

Who never to himself hath said

This is my own my native land!

လို့ ဖွဲ့ဆိုခဲ့တာ ဖြစ်ပေလိမ့်မယ်။

 

Posted in Uncategorized | 1 Comment

Library Network !

လွန်ခဲ့တဲ့ အပါတ်က ကျွန်တော် အိုင်ဒီယာ တစ်ခု စရတယ်။ Library Network တစ်ခုကို မြန်မာပြည်က ဆင်းရဲတဲ့ ကျေးရွာတွေမှာ လုပ်ပေးဖို့ပါ။ ခု လိုက်အလှူခံနေတယ်။ စာဖတ်သူတို့လဲ တတ်အားသမျှ ကူညီ ပါဝင် ပေးစေလိုပါတယ်။ စာဆက်မသင် နိုင်တော့တဲ့ ကလေးတွေကို   စာကြည့်တိုက်လေးတွေနဲ့ အသက်ဆက် ပေးကြရအောင်ဗျာ။
ဖုန်း- ၀၉၂၀၄၅၁၀၆
Posted in ဘလူးဖီးနစ်, အလှူ | Leave a comment

သိပ္ပံ နှင့် အနုပညာကို အောင်သွယ်ခြင်း

ယနေ့ကမ္ဘာမှာ ကျွန်တော်တို့ အနေနဲ့ ယဉ်ကျေးမှု ၂ ခု (သိပ္ပံနဲ့ အနုပညာ) ကို တံတားထိုးပေးနိုင်မယ့် အတွေးအခေါ် သမားတစ်ယောက် လိုအပ်နေပါတယ်။ တကယ်လို့  အဲဒီလူက ၁၅၁၉ မှာ သေဆုံးသွားတယ် ဆိုရင်ရော?  ဘယ်သူတွေများ ဂရုစိုက်ကြမှာလဲ။
နှစ်တစ်ထောင် အတွင်း အထူးချွန်ဆုံး genius : လီယိုနာဒို ဒါဗင်ချီ ၏ ကိုယ်တိုင်ရေး ပုံတူ : Gjon Mili//Time Life Pictures/Getty Images
ကျွန်တော့်အနေနဲ့ guardian.co.uk အွန်လိုင်း သတင်းစာက သတင်းထောက်တစ်ယောက် ဖြစ်တဲ့ ဂျော်နသန် ဂျုံး ရေးသားခဲ့တဲ့ Art v science – at last, the missing link ဆိုတဲ့ ဆောင်းပါးထဲက အချက်အလက်တစ်ချို့ကို ဘာသာပြန်ရင်း ကိုရင်တာ ရေးနေကြ ပုံစံမျိုးနဲ့ ကျွန်တော့် အမြင်တစ်ချို့ကို ဖြည့်စွက် တင်ပြအပ်ပါတယ်။
ဂျုံး။ ကျွန်တော့် အနေနဲ့ မကြာသေးခင်က အာကာသ သိပ္ပံအကြောင်း ရေးဖြစ်ခဲ့ပါတယ်။ နောက် တစ်ရက် မှာတော့ အနုပညာနဲ့ ဆိုင်တဲ့ အကြောင်းတွေကို ရေးမိပြန်ပါတယ်။ တစ်ခါတစ်လေ မှာ သိပ္ပံနဲ့ ဝိဇ္ဇာ (အနုပညာ) နှစ်ခု ဆက်သွယ်မှု ဘယ်လို ရှိနိုင်မလဲ ဆိုတာကို စိတ်ကူးနေမိပါတယ်။ တကယ်တော့ အဲလို စိတ်ကူးမိတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ သင့်အနေနဲ့ သိပ္ပံပြခန်းကို သွားတဲ့ အခါမှာ အနုပညာရှင်တစ်ယောက်က ပြခန်းကို ပြင်ဆင်နေတာကို မတွေ့ရတာ ကံကောင်းပါတယ်။ အမေရိကန် နိုင်ငံရဲ့ သဘာဝ သမိုင်း ပြတိုက်မှာ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုရဲ့ ပုံတူ အထက်မှာ တာနီယာ ကိုဗက်စ် ရဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှု (အီဗော်လူးရှင်း) သစ်ထွင်း ပန်းပုကို ချိတ်ဆွဲထားတာ တွေ့နိုင်ပါတယ်။
အောင်။ ကိုရင်ဂျုံးရေ ခင်ဗျားနဲ့ ကျွန်တော် စိတ်ကူးချင်းတူပါတယ်။ တကယ်တော့ ဘာသာရပ်တွေ ဆိုတာ လူတွေက သဘာဝလောကကြီးကို အကုန်အစင် တစ်ခါတည်း မလေ့လာနိုင်လို့ တစ်ပိုင်းစီ စိတ်ပိုင်း လေ့လာ ကြရတာ ဖြစ်ပုံရပါတယ်။ တကယ်တန်းက အားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြတာပါပဲလေ။ အဲဒီ လျို့ဝှက်ချက်ကို နားလည်သဘောပေါက်ပြီး လက်တွေ့ ပေါင်းစပ် အသုံးချနိုင်စွမ်းရှိတဲ့ သူတွေဟာ genius တွေ ဖြစ်လာကြတာပဲ ထင်ပါရဲ့လေ။
ဂျုံး။ သိပ္ပံနဲ့ ဝိဇ္ဇာ တွေ ဆုံလိုက်တိုင်းမှာလဲ ပေါင်းစည်းရ ခက်ခဲတဲ့ ရလာဒ်တွေ ရလေ့ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အနုပညာ စွမ်းရည်ကို သိပ္ပံနဲ့ ပေါင်းစည်းဖို့ ဖြစ်နိုင်ချေကို သံသယ ဖြစ်ခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အင်္ဂလန်မှာ ကျင်းပခဲ့တဲ့ ထောင်စုနှစ် ပွဲတော် အဆောက်အဦးရှေ့မှာ အန်တော်နီ ဂေါ်မလီ ရဲ့ ကွမ်တမ်လူသား ရုပ်တုကို စိုက်ကြည့်မိတိုင်း ကြောက်ရွံစိတ် ဖြစ်မိပါတယ်။ အမည် မဖေါ်လိုတဲ့ ပန်းချီဆရာ တစ်ယောက်ရဲ့ ဒြပ်စင်ဇယား လို့ အမည်ရတဲ့ ပန်းချီကားကလဲ ရူးကြောင်ကြောင် နိုင်လှပါတယ်။ ဆိုလိုချင်တာက အနုပညာရှင်တွေ ဟာ သိပ္ပံပညာကို ရုပ်လုံးဖေါ်တဲ့ နေရာမှာ အတော် ကို့ယို့ကားယား ဖြစ်နေပါတယ်။
အောင်။ အဲဒီကိစ္စက အတော်တော့ အပြောရခက်သား ဗျ။ တကယ်တော့ အနုပညာရှင် ဆိုတာကိုကလဲ နားလည်ရ ခက်တဲ့ လူစားမျိုးပဲလေ။ သူတို့ ပြောချင်တဲ့ အဓိပ္ပါယ်ကို သဘောပေါက်အောင် ကြိုးစားရတာကိုက မလွယ်လှပါဘူး။ သူတို့နားလည်တဲ့ သိပ္ပံသဘောတွေက ကျွန်တော်တို့နဲ့ တူချင်မှလဲ တူနိုင်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ပန်းချီ၊ ပန်းပုထက် ရုပ်ရှင် ကို ပိုစိတ်ဝင်စားပါတယ်။ စာရေးဆရာ နဲ့ ဒါရိုက်တာ တစ်ချို့က သိပ္ပံပညာကို ကြောက်လန့်စရာ၊ အဆိုးမြင်ရိုက်ကူးချက်တွေ လဲ ကြည့်ခဲ့ဘူးပါတယ်။ တစ်ချို့အနုပညာရှင်တွေအတွက် သိပ္ပံဟာ အစွန်းတစ်ဘက် ရောက်နေနိုင်သလို သိပ္ပံသမားတွေဘက်ကလဲ အပြန်အလှန် ရှိနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် အများစုကတော့ သမမျှတမှုကို နားလည် လက်ခံကြမယ် လို့ ယူဆပါတယ်။ ပေါ်လွင်အောင် ဖေါ်ပြနိုင်ခြင်းမရှိတာကတော့ တစ်ဏ္ဍပဲလေ။
ဂျုံး။ ဒီ့အတွက် ကျွန်တော်တို့ လိုအပ်နေတာကတော့ သိပ္ပံပညာကိုရော အနုပညာကိုပါ နှံ့စပ် ကျွမ်းကျင်တဲ့ ပညာရှင် ဒါမှမဟုတ် အနုပညာရှင်လို တွေးတော လုပ်ကိုင်တတ်တဲ့ သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့် အနေနဲ့ သိပ္ပံနဲ့ အနုပညာ ကြားက ပေါင်းကူး တစ်ခုကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
၁၅၁၉ ခုနှစ်မှာ သူသေဆုံးခဲ့လို့လည်း ယဉ်ကျေးမှု နှစ်ခု ပေါင်းစည်းရာမှာ အတားအဆီး မဖြစ်စေခဲ့ပါဘူး။ ယနေ့ ဘယ်မော်ဒန် အနုပညာသမား ကမှ သူ့လိုမျိုး အသိပညာနဲ့ စိတ်ကူးယဉ်မှုတွေ ပေါင်းစပ်ထားတဲ့ သိပ္ပံပညာရဲ့ အိမ်မက်တွေကို ပေါ်လွင်အောင် မဖေါ်ပြနိုင်ကြပါဘူး။ ဘယ်အနုပညာရှင်ကမှ အခုလို ဒီဂျစ်တယ်ခေတ်မျိုးမှာ လူ့အဖွဲ့ အစည်းက ကတိပြုထားတဲ့ သုတေသန တွေ ဆက်သွယ်ရေးတွေနဲ့ ဒီမိုကရေစီတွေကို ပေါ်လွင်အောင် မချယ်မှုန်း ပြနိုင်ခဲ့သေးပါဘူး။
အောင်။ မောင်ရင်ဆိုလိုတာ မိုနာလီဇာဆိုတဲ့ ပန်းချီကားကို ဆွဲတဲ့ အီတလီသား ဒါဗင်ချီ မဟုတ်လား။ သူကတော့ တကယ့် ရှာမှရှားဆိုသလိုပါပဲလေ။ အဲ ကျွန်တော်တို့ဆီမှာလည်း စွယ်ယုံရတဲ့ ယောအတွင်းဝန် တို့ ရှိခဲ့သားခင်ဗျ။ ပန်းချီဆွဲတယ်လို့တော့ မကြားမိဘူး ခင်ဗျ။
ဂျုံး။ ဟုတ်ပါတယ် တကယ်တော့ ကျွန်တော် ပြောနေတာ လီယိုနာဒို ဒါဗင်ချီ အကြောင်းပဲ ဖြစ်ပါတယ်။ သူ့ ဥာဏ်အမြော်အမြင်နဲ့ သိပ္ပံနဲ့ အနုပညာ နှစ်ခု ကို ပေါင်းစပ် ရောမွှေပြီး တကယ့်ကို အံ့မခန်းတဲ့ ထူးခြားတဲ့ အရာတစ်ခုအဖြစ် ဖန်ဆင်းခဲ့တဲ့သူပါ။ လီယိုနာဒို အတွက်ကတော့ သိပ္ပံဟာ အနုပညာ ဖြစ်နေပြီး အနုပညာဟာလဲ သိပ္ပံပညာ တစ်ခုပါပဲ။ တကယ်တော့ ဒါဟာ သုတေသန ပြုချက် တစ်ခုလဲ ဖြစ်ပါတယ်။
အောင်။ တကယ့်ကို ထူးခြားတဲ့ အမြင်မျိုးရှိတဲ့ သူပဲဗျ။ ဒန်ဗရောင်း ရေးတဲ့ “ဒါဗင်စီ ကုဒ်” စာအုပ်ကို ဖတ်မိမှ တစ်ချို့ သတိမပြုမိတဲ့ အချက်တွေကို တွေးမိပါတယ်။ သူတစ်ယောက်တည်းကပဲ ပန်းချီ၊ ပန်းပု၊ အာခီတက်၊ အင်ဂျင်နီယာ နဲ့ သိပ္ပံပညာတွေမှာ တစ်ဘက်ကမ်း ခတ်နေလေတော့ ဒန်ဗရောင်းရဲ့ ပစ်မှတ် တစ်ခု ဖြစ်သွားရှာလေရဲ့ဗျာ။
ဂျုံး။ လီယိုနာဒိုအနေနဲ့ မျက်စိသူငယ်အိမ် တစ်ခုကို ပန်းချီဆွဲနေတဲ့ အချိန် တစ်ပြိုင်တည်းမှာ ပုံရိပ်တွေဟာ အဲဒီ အလင်းဝင်ပေါက် လေးကနေ ဦးဏှောက်ထဲကို ဘယ်လို ဝင်ရောက်သွားတာလဲ ဆိုတာကိုပါ အဖြေရှာနေခဲ့တာပါ။ သူ့ရဲ့ ခန္ဓာဗေဒ လေ့လာချက်တွေဟာ ဆေးသိပ္ပံ ကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ဒါကြောင့် အဲဒီလေ့လာချက်တွေကို ပန်းချီဆရာတွေသာမကဘဲ နှလုံးခွဲစိတ်ကု ဆရာဝန်တွေကပါ လေ့လာကြရတာ ဖြစ်ပါတယ်။
အောင်။ ဘာလုပ်လုပ် စနစ်တကျ လေ့လာစူးစမ်းသလောက် မှတ်တမ်းကောင်းကောင်း ပြုစုခဲ့တဲ့ genius တစ်ယောက်ပါပဲဗျာ။ ကျွန်တော်တို့ ယောအတွင်းဝန် ဦးဘိုးလှိုင်ကြီးလည်း ဆေးကျမ်းတွေ၊ လောကဓာတ်ကျမ်းတွေ အတော်ကြီးရေးခဲသေးသဗျ။ ဥတုဘောဇန သင်္ဂဟ ကျမ်းဆိုရင် ခုအချိန်ထိ ခေတ်မီနေတုန်းပဲ။
ဂျုံး။ ကျွန်တော့်အနေနဲ့ ဒါဗင်ချီနဲ့ မိုက်ကယ် အိန်ဂျလို တို့ နှစ်ယောက် အကြောင်းကို ရေးသားခဲ့တဲ့ The Lost Battles စာအုပ်ကို ကိစ္စကြောင့် သုတေသနတွေ နက်နက်ရှိုင်းရှိုင်း လုပ်ဖြစ်ခဲ့ပါတယ်။ ရလာဒ်ကတော့ ကျွန်တော် စိတ်ကူးထဲက ပုံဖေါ်ခဲ့တဲ့ genius တစ်ယောက်ရဲ့ စိတ်ကူးတွေထက် အံ့သြဖို့ကောင်းလောက်အောင် အဆပေါင်းများစွာ လှပတဲ့ အိုင်ဒီယာတွေကို မှန်းဆကြည့်လို့ ရခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါဗင်ချီဟာ ဒီထောင်စုနှစ်အတွင်းမှာတော့ ကျွန်တော်တို့ရဲ့ နည်းပညာ အဆောက်အဦးကို အလှပဆုံး ချယ်မှုန်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အနုပညာနဲ့ သိပ္ပံပညာရှင် တစ်ယောက် လို့သာ ကောက်ချက်ချလိုက်မိပါတော့တယ် ခင်ဗျာ။
အောင်။ ကျွန်တော့်အနေနဲ့ ဒါဗင်ချီရဲ့ တီထွင်မှု အချို့ကို ဒစ်စကာဗာရီ ဒီဗီဒီ တွေ က တဆင့် ကြည့်ရှုလေ့လာခဲ့ဘူးပါတယ်။ ကြိုး၊ ပူလီ၊ သံပါတ်နဲ့ ခွေးသွားစိတ်၊ ကမ် လောက်သာ ရှိတဲ့ အချိန်က သူလုပ်ပြခဲ့တဲ့ အလိုလို လှုပ်ရှားနိုင်တဲ့ ချပ်ဝတ်အင်္ကျီ၊ ပြင်သစ်ဘုရင်ကို လက်ဆောင်ပေးခဲ့တဲ့ ခြင်္သေ့ရုပ် စတာတွေကိုကြည့်ရင်း အဲဒီအချိန်က ဒီလူ့လက်ထဲသာ ကွန်ပျူတာ တစ်လုံးလောက် ထည့်ပေးခဲ့နိုင်မယ်ဆိုရင် ဘာများ ဖြစ်သွားနိုင်မလဲ ဆိုတာကို တွေးစရာ ဖြစ်လာပါတယ်။
ဆာအာသာ ကိုနင်ဒွိုင်း ဟာ သူ့ရဲ့ ဇာတ်ကောင် ရှားလော့ခ်ဟုမ်းကို ဖန်တီးခဲ့စဉ်က ဆန့်ကျင်ဘက် အရည်အသွေးတွေကို တမင်တကာ ထည့်သွင်းပေးထားခဲ့တာ ဖြစ်ပုံရပါတယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားသလို သန်မာဖြတ်လတ်တယ်။ မှုခင်းဆိုင်ရာ သိပ္ပံပညာ ကို နက်နက်ရှိုင်းရှိုင်း နားလည်သလောက် တယောလေး တစ်လက်နဲ့ ဦးဏှောက်ကို အနားပေးတတ်တဲ့ ရှားလော့ခ်ဟုမ်းရဲ့ စတိုင်ဟာ ကျွန်တော်တို့ရင်ထင်မှာ ရှင်သန် စွဲကျန်ရစ်ခဲ့ တုန်းပါ။ သိပ္ပံပညာရဲ့ တိကျမှုတွေကို အနုပညာရဲ့ လှပ သိမ်မွေ့တဲ့ ကောက်ကြောင်းတွေနဲ့ အနားကွပ်လိုက်တဲ့ အခါမှာ ပြီးပြည့်စုံတဲ့ ပန်းချီကား တစ်ချပ် ဖြစ်လာသလိုပါပဲ။ ဒါပေမယ့် တကယ်တော့ ဒါဟာ စိတ်ကူးထဲက ဇာတ်ကောင်ပဲ ရှိပါသေးတယ်။ လူတိုင်းသိတဲ့ ဥပမာ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ ဥာဏ်ကြီးရှင် အိုင်းစတိုင်းပဲ ဖြစ်ပါတယ်။ ခက်ခဲနက်နဲ့ တဲ့ ပြဿနာတွေကို ခေါင်းပူအောင် စဉ်းစားပြီးတိုင်းမှာ တယောလေး တစ်လက်နဲ့ အနားယူတတ်တဲ့ သူ့ဘဝကို အားကျမိပါတယ်။ ကျွန်တော်သိထားတဲ့ နောက်တစ်ယောက်ကတော့ “ကစားတဲ့ ပါမောက္ခ” လို့ နာမည်ကြီးတဲ့ သိပ္ပံပညာရှင် ရစ်ချတ်ဖိုင်းမန်း ပဲ ဖြစ်ပါတယ်။ ကဲ စာဖတ်သူတို့ အနေနဲ့ရော ကိုယ့်ကိုယ်ကို မေးကြည့်ကြစေချင်ပါတယ်။ ကျွန်တော်တို့ ဘဝမှာ နည်းပညာတွေ၊ သိပ္ပံပညာတွေနဲ့ အနုပညာကို ဘယ်လို အချိုးနဲ့များ ရောသမမွှေကြရင် ကောင်းမလဲ ဆိုတာကိုပေါ့လေ။
Ph.D(E.P) M.P.E.I
http://www.engineer4myanmar.com
http://www.wikimyanmar.co.cc
Posted in ဘလူးဖီးနစ်, သိပ္ပံ သတင်း | Leave a comment

သိပ္ပံနှင့် အနုပညာ တို့၏ ယဉ်ကျေးမှု အပေါ် လွှမ်းမိုးခြင်း

     အနုပညာနှင့် သိပ္ပံပညာ တို့သည် တစ်ခုနှင့် တစ်ခု အမှီသဟဲ ပြုနေပါသလား? ဥာဏ်အလင်း ခေတ် (ရီနေဆန်းခေတ်) သို့ရောက်အောင် စွမ်းဆောင်ခဲ့သော အတွေးအခေါ် ပညာရှင်များ၊ အနုပညာရှင်များ၊ အသက်သွေးချွေးများက ထိုဆက်စပ်မှုကို အခိုင်အမာ သက်သေခံလျက် ရှိသည်။ သုတေသန ဗဟိုဌာနများ ပေါ်ထွန်းလာပြီး လူတို့၏ နေထိုင်မှု ဘဝနှင့် စဉ်းစားတွေးခေါ်ပုံတို့ စနစ်တကျ ပြောင်းလဲလာခဲ့သည်။ ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲများ၊ စူးစမ်းလေ့လာမှုများ၊ သုံးသပ်ဆင်ခြင်မှုများကလည်း ကျွန်တော်တို့၏ လူ့သမိုင်း ယဉ်ကျေးမှုကို ထွန်းကား တိုးတက်အောင် အထောက်အကူ ဖြစ်စေသည်။ သိပ္ပံပညာရှင်များ၏ သုတေသနပြုချက်များနှင့် အသစ်တီထွင် စမ်းသပ်မှုတို့ကို အနုပညာရှင်တို့က အခြေခံ သဘော သိရှိနားလည်ရန် လိုအပ်သလို အနုပညာရှင်တို့၏ စွမ်းဆောင်ချက်များ အသစ်ဖန်တီးမှုတို့ကိုလည်း သိပ္ပံပညာရှင်နှင့် စက်မှု ပညာရှင်တို့က ခံစား နားလည်နိုင်စွမ်း ရှိရန်လည်း လိုအပ်ပေသည်။ တဖန် အရာရာစူးစမ်း ဆင်ခြင်လိုစိတ်များကလည်း စက်မှုသိပ္ပံ ဆိုင်ရာများသာမက ယဉ်ကျေးမှု ကိုလည်း ဖွံ့ဖြိုး တိုးတက် စေခဲ့သည်သာ ဖြစ်သည်။
     အနုသုခုမ ဆိုင်ရာ ခြယ်မှုန်း ပုံဖေါ်မှုများနှင့် သီအိုရီ အတွေ့အကြုံများ၊ လက်တွေ့ အသုံးချ လုပ်ဆောင်ချက်များနှင့် စုစည်း၍ ကမ္ဘာကြီးကို အတူတကွ အလှဆင်နေကြသည်သာ ဖြစ်ပါသည်။ ထိုသို့ တစ်ခုနှင့်တစ်ခု အညမည ဆက်စပ် လုပ်ဆောင်မှုများကြောင့် ကျွန်ပ်တို့ မထင်မှတ်ထားသော အသစ်တီထွင် ဖန်တီးမှုများ နေ့စဉ် အဆက်မပြတ် ပေါ်ထွန်းလျက်ရှိသည်။ ၄င်းအပြင် ယုတ္တိဗေဒ သဘောအရ လူတို့၏ တွေးခေါ် ဆင်ခြင်မှုတွေ၊ သုခုမ အနုပညာတွေ၊ ပြောဆို ဆွေးနွေးပုံတွေကိုလည်း တိုးတက်အောင် လူသားတို့၏ ယဉ်ကျေးမှုက အပြန်အလှန် အနေဖြင့် အထောက်အပံ့ပြုနေသည်သာ ဖြစ်ပါသည်။
     စက်မှု သိပ္ပံ ပညာတို့နှင့် ယဉ်ကျေးမှုတို့အားလုံး တစ်သားတည်း နီးကပ်လျက် ခွဲမရနိုင်အောင် ဒွန်တွဲလျက် ရှိသည်။ စက်မှုဆိုင်ရာ ဖန်တီးမှုတို့တွင် ယုတ္တိဗေဒ သဘောအရ အပြန်အလှန် ဆက်စပ်မှုများ၊ ဖြစ်နိုင်ခြေများ ကို မေးခွန်းထုတ် အဖြေရှာနေခြင်း သည်ပင်လျင် ကျွန်ပ်တို့ လူသားများအတွက် သုတေသန တစ်ခုပင် ဖြစ်သည်။ အဆုံးမတော့ အမျိုးမျိုးသော စူးစမ်းလေ့လာမှုတွေ၊ တွေးခေါ်စိတ်ကူးမှုတို့ နှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်နိုင်မှုကြောင့် သုတေသန လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာရခြင်း ဖြစ်သည်။
     ထို့ကြောင့်လည်း လူမှု ဆက်ဆံရေး ပညာရှင်များ က (သတင်းလူ့အဖွဲ့အစည်း)ကို တီထွင်ဖန်တီးမှုတွေ၊ အဆင့်ဆင့် ပြောင်းလဲမှုတွေ၊ စိတ်ကူး ပုံဖေါ်မှုတို့နှင့် ပြည့်လျှံနေရုံသာမက ငွေရေးကြေးရေးဆိုင်ရာ လူနေမှု ဘဝနှင့် ယဉ်ကျေးမှုတို့၏ ဗဟိုဌာန အဖြစ်လည်း အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ ၂၁ ရာစု အစမှာတော့ ယဉ်ကျေးမှုနှင့် စက်မှုသိပ္ပံဆိုင်ရာ အချက်အလက်တို့ အတွက် သတင်းအနုပညာ သည်လည်း အသက်သွေးကြော ဖြစ်လာသည်။
     ထို့ကြောင့် ယနေ့ ကမ္ဘာတွင် ကျွန်ပ်တို့ လူသားများအတွက် ယဉ်ကျေးမှုအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသော သိပ္ပံနှင့် အနုပညာ လုပ်ငန်းများ တိုးတက် အောင်မြင်လာအောင် သတင်းအနုပညာ ကသာလျှင် လုပ်ဆောင်နိုင်ပေတော့သည်။
ဖိုးနေ
Posted in ဖိုးနေ, အတွေးအမြင် | Leave a comment

ကျွန်တော့် ပုံရိပ် ၂၀၁၀

      လောလောဆယ် ကျွန်တော့် အနေနဲ့ ၂၀၁၀ မှာ အထွေထွေ လေ့လာရေးတွေ လုပ်နေပါတယ်။ ဘာသာရပ်ပေါင်း ၁၀ ခုလောက်ကို တလှည့်စီ တပြန်စီ မြည်းစမ်းကြည့်ရင်း တစ်ဘက်ကလဲ ကိုယ်လေ့လာနေတဲ့ ဘာသာရပ်တွေကို ပရိုက်ဗိတ် ပြန်သင်ပေးနေပါတယ်။ IDCS courses တွေကို ကျူရှင်သဘောမျိုး SAT, SUN မှာ သင်ပေးနေသလို Programming Basic Course အဖြစ် C++ သင်တန်း ပေးနေပါတယ်။ ပရိုဂရမ်းမင်း အခြေခံက ကနေ system ပိုင်းကို low level အထိ ဆင်းရေးနိုင်အောင် သင်ပေးဖို့ ကြိုးစားနေပါတယ်။ ဂရပ်ဖစ် ပရိုဂရမ်းမင်း အပိုင်းလဲ နည်းနည်းပါးပါး သင်ပေးတယ် ဆိုပါတော့။ ကွန်ပျူတာ သင်ရင်း လိုအပ်တဲ့ basics sciences တွေ ဖြစ်တဲ့ သင်္ချာနဲ့ ရူပဗေဒ အပါအဝင် အထွေထွေ ဗဟုသုတတွေနဲ့ အတွေးအခေါ်ပိုင်းတွေကို စိတ်ဝင်စားလာအောင် မိတ်ဆက်ပေးပါတယ်။ ဒီလို နွေရာသီ မှာ ပြင်ဦးလွင် က IDCS ကျူရှင် နဲ့ အခြေခံကောင်းကောင်း ရမယ့် ကွန်ပျူတာ သင်တန်း တက်လိုသူများ အီးမေးလ် လိပ်စာ aungwin.htut@gmail.com ကို ဖြစ်စေ ဖုန်းနဲ့ ဆိုရင် ၀၉၅၂၈၂၀၂ ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေတို့ရဲ့ သားသမီး၊ ညီအကို မောင်နှမများကို အတွေးအခေါ် အဆင့်အတန်း မြင့်မားပြီး နိုင်ငံတကာ အဆင့်မီ ပညာရေးမျိုးနဲ့ မိတ်ဆက်ပေးခွင့်ပြုပါ ခင်ဗျာ။
     နောက်တစ်ခုက ကြော်ငြာဆန်ဆန် ဆောင်းပါး လေးတွေလဲ ရေးပေးနေပါတယ်။ ကျွန်တော့် ဆိုဒ် http://www.engineer4myanmar.com မှာ ကြော်ငြာထည့်ချင်ရင် ဖြစ်စေ။ သီးသန့် ဆိုဒ်တစ်ခု ဖန်တီး ချင်ရင် ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
     ပြင်ဦးလွင်မှ လူကိုယ်တိုင် ဆက်သွယ်ချင်သူများအတွက် ကတော့ လင်းထက် လေ့ကျင့်ရေး ဘော်ဒါ၊ CC- ၈၆ -၈၇၊ လမ်းသွယ်(၁)၊ လေးမျက်နှာ ဘုရားနှင့် လားရှိုးလမ်းမကြီး အနီး၊ ရကက(၁၀)၊ ပြင်ဦးလွင် (ဖုန်း-၀၉၅၂၈၂၀၂) ဆိုတဲ့ လိပ်စာမှာ လာရောက် ဆက်သွယ် စုံစမ်း နိုင်ပါတယ်။
စာဖတ်သူ မိတ်ဆွေများမှာ ပြင်ဦးလွင်က ဆွေမျိုးသားချင်း အဆက်အသွယ်များ ရှိခဲ့ရင် ဒီသတင်းလေးကို ထပ်ဆင့် ဖြန့်ဖြူးပေးပါလို့လည်း မေတ္တာရပ်ခံပါတယ်။
ခင်မင် လေးစားလျက်
Posted in ad, ကွန်ပျူတာ, ကွန်ပျူတာ သိပ္ပံ, ဘလူးဖီးနစ်, ကြော်ငြာချက် | 1 Comment